We'd like to send you notifications of the latest posts and updates

Article

ATOM အပြုအမူများ | လေးစားမှုရှိခြင်း - ဂရုစိုက်ခြင်း၊ နားထောင်ပေးခြင်း၊ မျှတမှု ရှိခြင်း၊

01 Nov,2022 - Yangon | 3 mins read

ရေးသူ - ဦးကျော်မင်းသိန်း၊ အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်

မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကမ္ဘာ့အဆင့်မီ တယ်လီကွန်း ဆက်သွယ်ရေးကွန်ရက်တစ်ခုက တစ်ဆင့် ဝန်ဆောင်မှုတွေပေးနိုင်ဖို့ နဲ့ နိုင်ငံအတွက် #BeyondBetter ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတစ်ရပ်ကို အထောက် အကူပြုနိုင်ဖို့အတွက် ကျွန်တော်တို့ ATOM ကနေ အကောင်းဆုံးကြိုးပမ်းဝန်ဆောင်မှုပေးလျက်ရှိရာမှာ ATOM ရဲ့ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကော်ပိုရိတ် ယဉ်ကျေးမှု နဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေအပေါ် လမ်းညွှန်ထိန်းကျောင်းပေးနေတာကတော့ ကျွန်တော်တို့ကို ပူးပေါင်းဖြေရှင်းမှုတွေ ပြုလုပ်နိုင်အောင်၊ ဂရုစိုက်ခြင်းကို ပြသနိုင်အောင်၊ စာနာမှုနဲ့ နားထောင်ပေးနိုင်အောင်၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှု၊ စုံလင်ကွဲပြားမှုနဲ့ တစ်သားတည်းဖြစ်မှုတို့ကို မြှင့်တင်ပေးနိုင်အောင် အားဖြည့်ပေးနေတဲ့ ATOM ရဲ့ အပြုအမူငါးရပ်ဖြစ်ပါတယ်။

CHRO's Article

ဒီ‌ဆောင်းပါးမှာ ATOM ရဲ့ အပြုအမူ ငါးခုအနက် တစ်ခုဖြစ်တဲ့ “လေးစားမှုရှိခြင်း” ဆိုတဲ့ အလေ့အထ အကြောင်းကို ကျွန်တော်ဝေမျှချင်ပါတယ်။ လေးစားမှုဆိုရာမှာ မိမိကိုယ်ကိုလေးစားတာ၊ မိမိရဲ့တာဝန်ဝတ္တရားနဲ့အလုပ်အပေါ် လေးစားမှုထားတာ၊ သူတပါးရဲ့ဖြစ်တည်မှု၊ ယုံကြည်မှု၊ တာဝန်ဝတ္တရားတို့အပေါ်လေးစားတန်ဖိုးထားတာ စသည်ဖြင့် များပြားစွာပါဝင်နိုင်ပါတယ်။ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ လူသားများဟာ ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံတာ၊ လေးစားမှုပေးတာကို လိုချင်ကြပါတယ်။ လုပ်ငန်းခွင်တစ်ရပ်မှာလည်း အဖွဲ့ အစည်းအတွင်းက ဝန်ထမ်းတိုင်းဟာ မိမိတို့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ လေးစားမှုနဲ့ ပြောဆိုဆက်ဆံနိုင်တဲ့ စွမ်းရည်တွေရှိကြပြီး ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်ရှိတာနဲ့အညီ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှုနဲ့ ပြောဆိုဆက်ဆံသင့်ပါတယ်။ ရေရှည်ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရေးမှာ အပြန်အလှန်လေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု စတာတွေဟာ အင်မတန်အထောက်အပံ့ဖြစ်လှပါတယ်။

ဂရုစိုက်ခြင်းဖြင့် လေးစားမှုရှိခြင်း

ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်း‌ဆောင်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီထောက်ပံ့ပေးရတဲ့ လူ့စွမ်းအားအရင်း အမြစ်ဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးအနေနဲ့ပြောရရင် လူတစ်ဦးချင်းစီတိုင်းဟာ စိတ်ခံစားချက်တွေရဲ့ တွန်းအားနဲ့ နေထိုင်ပြုမူကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေဟာ အလေးထားဂရုစိုက်ခံရတယ်လို့ ခံစားရ တဲ့အခါ ပြန်လည် အကျိုးပြုလိုစိတ်၊ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းလိုစိတ်တွေ မြင့်တက်လာပြီး တစ်ပါးသူ အပေါ်မှာလည်း ပိုအလေးထားဂရုစိုက်ဆက်ဆံတတ်လာ ကြပါတယ်။ ATOM မှာ ဝန်ထမ်းအားလုံး အလေးထား ဂရုစိုက်ဆက်ဆံမှု ရရှိစေဖို့အတွက် ဝန်ထမ်းအတွေ့အကြုံဆိုင်ရာ အစီအစဉ်တွေကို ပုံမှန်ရေးဆွဲပြီး အကောင် အထည်ဖော်ကျင့်သုံးနေပါတယ်။

ဒီလိုဆောင်ရွက်နေတာတွေထဲက သာဓကအချို့ကို ပြရမယ်ဆိုရင် မကြာသေးမီက ကျွန်တော်တို့ ပထမဆုံး အကြိမ် ပြုလုပ်ခဲ့တဲ့ “မိသားစုနေ့” အခမ်းအနားပါပဲ။ ဒီ အမှတ်တရနေ့ အခမ်းအနားမှာ ATOM ဝန်ထမ်းများဟာ မိမိတို့ရဲ့ မိသားစုဝင်များကို လုပ်ကိုင်ရာရုံးချုပ်သို့ ခေါ်လာပြီး ပျော်ရွှင်စရာအစီအစဉ်တွေမှာ ပါဝင်ခဲ့ကြပါတယ်။ ဝန်ထမ်းများအားလုံးအတွက် နေ့စဉ်သုံးမရှိမဖြစ်ကုန်ပစ္စည်းတွေပါဝင်တဲ့ care pack တွေကို ပုံမှန်ထောက်ပံ့ ပေးနေတာဟာလည်း ကျွန်တော်တို့ရဲ့ ဝန်ထမ်းများအပေါ် အလေးထားဂရုစိုက်မှုပြသခြင်း အစီအစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အလေးထားဂရုစိုက်ဆက်ဆံတဲ့ အလေ့အကျင့်တွေ မွေးမြူနိုင်ဖို့ လည်း ကျွန်တော်တို့ တိုက်တွန်းအားပေးနေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်များနေတဲ့ အချိန်မှာ သူတို့ကို အချိန်ပေးပြီး ကူညီတာ၊ ကြင်နာနွေးထွေးမှုကို ပြသတာ၊ ဒါမှမဟုတ် ကော်ဖီလေးတစ်ခွက် ယူလာပေးတာကအစ အားလုံးဟာ သက်သက်စီဖြစ်နေတဲ့ အပြုအမူလေးတွေလို့ ထင်ရပေမယ့် ‌ရေရှည်မှာ စုပေါင်းအကျိုး ဖြစ်ထွန်းလာမှာပဲ ဖြစ်ပါတယ်။

နားထောင်ပေးခြင်းဖြင့် လေးစားမှုရှိခြင်း

နားထောင်ခြင်းဟာ လုပ်ငန်းခွင်ထဲက အချင်းချင်းဆက်သွယ်ရေးမှာ အလွန်အရေးပါပါတယ်။ အပြန်အလှန် လေးစားမှုအပေါ်မှာ အခြေခံပြီး ထိရောက်တဲ့ ပူးပေါင်းဖြေရှင်းမှုတွေ ပြုလုပ်နိုင်ဖို့ အထောက်အပံ့ကောင်းတွေ ပေးပါတယ်။ သေသေချာချာ အာရုံစိုက် နားထောင်တတ်တဲ့ အလေ့အကျင့်ကို ခံယူကျင့်သုံးကြတဲ့အခါ အဖွဲ့ အစည်းတစ်ရပ်ထဲမှာ ပါဝင်သူများဟာ တန်ဖိုးထားခံရခြင်း၊ ပြောစကားအပေါ် အလေးအနက်ထားခံရခြင်း တို့ကို ခံစားရပါတယ်။ ဒီလိုနဲ့ အချင်းချင်းကြားမှာ ယုံကြည်မှုတစ်ခုကိုလည်း တည်ဆောက်နိုင်လာပါတယ်။ အကျိုးရလဒ် ကတော့ လုပ်ငန်းခွင်အတွင်း အချင်းချင်းကြား ဆက်ဆံရေးတွေမှာ ခိုင်မာအားကောင်းလာပြီး တန်ဖိုးရှိလှတဲ့ လုပ်ငန်းခွင်ဆိုင်ရာ အရည်အသွေးတစ်ရပ်ကို ပြုစုပျိုးထောင်ပေးရာ ရောက်ပါတယ်။

ATOM မှာ သေသေချာချာ အာရုံစိုက်နားထောင်ခြင်းကို ဦးစားပေးကျင့်သုံးနေပုံ သာဓကတစ်ရပ်ရှိပါတယ်။ ATOM ရဲ့ management team က team အသီးသီးနဲ့ ပုံမှန်စကားပြောပြီး team member တွေရဲ့ အခြေအနေကို မေးမြန်းဆွေးနွေးနေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဝန်ထမ်းတွေဘက်က ပြန်လည်ဖြေကြချက်တွေကိုလည်း လေးလေးနက်နက် ဂရုတစိုက် နားထောင်ပေးနေပါတယ်။ ဒီလို ရိုးရှင်းတဲ့ အစီအစဉ်လေးကနေ ကြီးမားတဲ့ အကျိုးရလဒ်ကောင်းတွေ ရရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။

မှတ်ချက်တွေကို စုစည်းပြီး ပြန်ဖြေရှင်းပေးတာဟာလည်း ကောင်းမွန်စွာနားထောင်ခြင်း အလေ့အထတစ်ရပ်ပဲ ဖြစ်ပါတယ်။ ATOM ရဲ့ ရုံးတွေအားလုံးမှာ စာပုံးတစ်ခုထားထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်အတွက် ကောင်းသည် ထက်ကောင်းအောင် ဆောင်ရွက်လို့ရနိုင်မယ့် နည်းလမ်းတွေကို မှတ်ချက်ရေးပြီး လာထည့်ထား နိုင်ဖို့အတွက်ပါ။ ဒါ့အပြင် ဌာနတွင်း presentation တွေမှာပဲဖြစ်ဖြစ်၊ ဝန်ထမ်းအရည်အသွေး ဖွံ့ဖြိုးရေး၊ လူမှုရေးအကျိုးပြုမှု မြှင့်တင်ရေး တို့လို အကြောင်းအရာစုံကို ရှင်းလင်းမျှဝေတဲ့ session တွေမှာပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းအချင်းချင်း အကြားမှာ နားထောင်ပေးတတ်တဲ့ အလေ့အကျင့် ပိုတိုးတက်လာစေဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်းအားပေး နေပါတယ်။

မျှမျှတတဆက်ဆံခြင်းဖြင့် လေးစားမှုရှိခြင်း

အလုပ်ခွင်မှာ မျှမျှတတဆက်ဆံခြင်းဆိုတာ ဝန်ထမ်းတွေအပေါ်မှာ သူတို့ရဲ့ တစ်ဦးချင်း လိုအပ်ချက်တွေအပေါ် အခြေခံပြီး အခွင့်အရေးတွေကို မျှမျှတတဖြစ်အောင် ဖန်တီးပေးခြင်းကို ဆိုလိုပါတယ်။ လူမျိုး၊ နိုင်ငံသား၊ ရုပ်ပိုင်း ဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ ကျား/မကွဲပြားမှုနဲ့ လိင်စိတ်တိမ်းညွတ်မှုတို့ အပေါ် အခြေမခံ ဘဲ တန်းတူရည်တူ အလုပ်လုပ်နိုင်ခွင့်ကို ဆိုလိုတာဖြစ်ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီတွင်းက ဝန်ထမ်းတစ်ဦးချင်းစီတိုင်းမှာ ဘယ်လိုကူညီပံ့ပိုးမှုတွေ လိုအပ်နေတယ်ဆိုတာ သိအောင် ရှာဖွေဖော်ထုတ်ဖို့နဲ့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးသွားဖို့ ကျွန်တော်တို့ ATOM က အခိုင်အမာ ဆုံးဖြတ် ထားပြီး ဖြစ်ပါတယ်။ ဒီလိုကူညီပံ့ပိုးမှုတွေထဲမှာ လေ့ကျင့်သင်ယူမှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်တွေကို ဝန်ထမ်းအားလုံးကို တပြေးတည်း ပံ့ပိုးပေးတာထက် တစ်ဦးချင်းစီကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ လုပ်ငန်း ဆောင်ရွက်ချက် ရလဒ်အပေါ်မူတည်ပြီး ခေါင်းဆောင်မှုတာဝန်တွေအထိ တက်လှမ်းနိုင်ဖို့ ဝန်ထမ်းအားလုံးကို တန်းတူအခွင့်အရေးပေးခြင်း၊ လစာကွာဟချက်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ခြင်း တို့ ပါဝင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင် - လေးစားမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုက လုပ်ငန်းခွင်ဆိုင်ရာစိတ်ဖိစီးမှု၊ ပြဿနာများနဲ့ ပဋိပက္ခ ကို လျော့ကျစေနိုင်ပါတယ်။ လေးစားမှုထားမယ်ဆိုရင် ဆက်သွယ်လုပ်ကိုင်ရေး နဲ့  အဖွဲ့လိုက် စုပေါင်း လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ရုံသာမက ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကိုလည်း မြင့်တက်စေတာကြောင့် ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်အောင် ဖန်တီးပေးပါတယ်။ တစ်ဉီးနှင့်တစ်ဉီးအပြန်အလှန်လေးစားဆက်ဆံမှု၊ လေးစားမှုပြသခြင်းစတာတွေနဲ့ပတ်သက်လို့ ယခုဆောင်းပါးအတွင်းကုန်စင်‌အောင်ပြောဖို့မလွယ်ပေမဲ့ ကျွန်တော့်အနေနဲ့ မကြာခဏ ပြန်သတိရဆင်ခြင် ဖြစ်တဲ့ Vala Afhsar ရဲ့ အဆိုတစ်ခုရှိပါတယ်။ “ကျွန်တော်တို့က အတူတကွ အလုပ်လုပ်နေတာကြောင့် အဖွဲ့ တစ်ခုဖြစ်နေတာမဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ ဂရုစိုက်မှုပေးလို့သာ အဖွဲ့ တစ်ခုဖြစ်နေတာပါ။” ဆိုတာလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

Back to top