We'd like to send you notifications of the latest posts and updates
Article
03 Nov,2022 - Yangon | 2 mins read
ရေးသူ - Muhammad Ziaullah Siddiqui ၊ အက်တမ် (ATOM) ၏ အမှုဆောင် အရာရှိချုပ်
ဒီနေ့ခေတ် စီးပွားရေးလောကမှာ အောင်မြင်မှု ရယူနိုင်ဖို့ဆိုရင် ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ တီထွင်ကြံဆမှုတွေ တိုးတက်လာအောင် အားပေးဖို့၊ ပူးပေါင်းဖြေရှင်းတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။ ဒီနေရာမှာ ထိရောက်တဲ့ ဆက်သွယ်ရေးဆိုတာ အဖွဲ့တွေ စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ပေါင်းစည်းပေးထားတဲ့ အစွမ်းထက် ကော်တစ်မျိုးလို့ ဆိုရမှာပါပဲ။
ကျွန်တော်တို့ ATOM မှာဆိုရင်တော့ စိတ်ကောင်းစေတနာကို ရှေးရှုတတ်တဲ့ အလေ့အထ၊ ခိုင်မာတဲ့ အသင်းအဖွဲ့ စိတ်ဓာတ်၊ ဒါတွေကို အရင်းခံပြီး တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင် လိုက်နာ၊ ကျင့်သုံးကြရင်း မြန်မာနိုင်ငံမှာ အကောင်းဆုံး လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေကြပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ရဲ့ customers တွေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ပိုပြီး ကောင်းမွန်တဲ့ အရာတွေ ပေးအပ်နိုင်ဖို့ ATOM အဖွဲ့သားတွေက ဘယ်လို အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နေကြတယ် ဆိုတာ ပြောပြချင်ပါတယ်။
ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အနက်အဓိပ္ပာယ်နဲ့ အရေးပါပုံ
အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ တစ်ဖွဲ့တည်း လုပ်တာထက် လက်တွဲလုပ်ကိုင်တာက ပိုကောင်းတဲ့ ရလဒ်တွေ ရယူနိုင်မယ်လို့ လက်ခံထားတဲ့အတွက်ပါ။ လူများများနဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုရင် စိတ်ကူးအကြံဉာဏ်ကောင်းတွေ ပိုထွက်နိုင်၊ အလုပ်များများ ပိုပြီးနိုင်၊ ဖိဖိစီးစီး ပိုလုပ်နိုင်မှာဖြစ်လို့ ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို ပိုင်ပိုင်နိုင်နိုင် လှမ်းယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါက အရမ်းကို အားကောင်းတဲ့ ပေါင်းစည်းမှု တစ်မျိုးပါပဲ။
ပြီးတော့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ပူးပေါင်းလိုက်ရုံ၊ ညှိနှိုင်းဆောင်ရွက်လိုက်ရုံတင် မဟုတ်ပါဘူး။ လူတွေအများကြီးက တူညီတဲ့ ပန်းတိုင်တစ်ခုကို ရယူနိုင်ဖို့ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ရတဲ့ အဆင့်တွေအထိ လုပ်ဆောင်ရတာပါ။ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာ “ချိန်းကြိုးတစ်ခုရဲ့အားဟာ သူ့မှာရှိတဲ့ အားအပျော့ဆုံး ကွင်းဆက်ရဲ့အားလောက်ပဲရှိတယ်” လို့ ပြောကြသလိုပဲ အအောင်မြင်ဆုံး အဖွဲ့တွေဆိုတာ အပေးအယူ မျှမျှတတ လုပ်ဆောင်နိုင်တဲ့ အဖွဲ့တွေပါ။
ဆက်သွယ်ရေးက အဖွဲ့လိုက်လုပ်ဆောင်ရာမှာ ဘယ်လိုပံ့ပိုးပေးနေလဲ?
အောင်မြင်တဲ့ အဖွဲ့တွေဆိုတာ ဘက်စုံတော်နေတဲ့သူတွေနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ပြီးပြည့်စုံနေတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ လူဆိုတော့ ကျွန်တော်တို့မှာ ခံစားချက်တွေရှိတယ်... အချစ်ခံချင်၊ လေးစားခံချင်၊ ချီးကျုးခံချင်၊ အသိအမှတ်ပြုခံချင်ကြပါတယ်။ ကိုယ်ပိုင်ဘဝမှာတော့ ကိုယ်ရဲ့ ပြောဆိုဆက်သွယ်တဲ့ ပုံစံအတိုင်း ကျေနပ်လက်ခံပေးမယ့်သူတွေနဲ့ ပြည့်နှက်နေမှာပါ။ ဒါပေမယ့် လုပ်ငန်းခွင်မှာတော့ ကိုယ်အလုပ်လုပ်ချင်တဲ့ အဖွဲ့နဲ့ပဲ အမြဲတမ်းရွေးပြီး အလုပ်လုပ်နေလို့ မရနိုင်ပါဘူး။
ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဆက်သွယ်ရေး ကောင်းကောင်းမလုပ်နိုင်ဘဲ ဖြစ်မလာနိုင်ပါဘူး။ ဒီနေရာမှာ လုပ်ငန်းတာဝန် ခွဲဝေတာတွေနဲ့ အပြီးသတ်ထားတဲ့ အလုပ်ကို ပေါင်းစည်းပေးတာလောက်ကို ကျွန်တော်ဆိုလိုချင်တာ မဟုတ်ပါဘူး။ အသိပညာတွေ၊ အတွေးအမြင်တွေ ဖလှယ်ကြရင်း၊ လိုက်လျောညီထွေ လုပ်ကိုင်တတ်အောင် လေ့လာသင်ယူရင်းနဲ့ တူညီတဲ့ ရည်မှန်းချက်တစ်ခုဆီ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ လျှောက်လှမ်းနိုင်ဖို့ ဆက်သွယ်ရေးက အားဖြည့်ပေးနိုင်တယ်လို့ ပြောချင်တာပါ။
အလုပ်ဖြစ်စေမယ့် ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ဆက်သွယ်ရေး - အဖွဲ့လိုက်လုပ်ဆောင်မှုကို ပိုထိရောက်နိုင်တဲ့ အဓိက အချက်တွေ
မှတ်သားထားသင့်တဲ့ ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ အချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
၁။ ဆက်သွယ်ရေးပုံစံ - ပြောစကား၊ သင်္ကေတ၊ စာ၊ သရုပ်ဖော်ပုံ၊ နားထောင် ဆိုပြီး ဆက်သွယ်ပြောဆိုတဲ့ ပုံစံ ငါးမျိုး ရှိပါတယ်။ မှန်ပါတယ်... နားထောင်တယ်ဆိုတာလည်း ဆက်သွယ်ရေး ပုံစံတစ်မျိုးပါပဲ! ဒါကြောင့် ဒီနည်းလမ်းမျိုးစုံကို ထိရောက်မှုရှိအောင် အသုံးချကြည့်ပါ။
၂။ နားလည်သဘောပေါက်ချင်ရင် ပြန်မပြောပါနဲ့ဦး၊ အရင် နားထောင်ပါ - သေသေချာချာ အာရုံစိုက်ပြီး နားထောင်တယ်ဆိုတာ သူဘာကိုဆိုလိုချင်တာလဲဆိုတာ နားလည်နိုင်တဲ့ အလေ့အကျင့် တစ်ခုပါ။ သေသေချာချာ နားထောင်ပေးတတ်ဖို့ လေ့ကျင့်ထားမယ်ဆိုရင် ဆွေးနွေးငြင်းခုံရာမှာ ဒါမှမဟုတ် စကားဝိုင်းတစ်ခုမှာ ဘယ်လို ပြန်ပြောလိုက်ရမလဲလို့ စဉ်းစားနေတာထက် တစ်ဖက်လူ ဘာပြောချင်လဲဆိုတာ အရင် အာရုံစိုက်ဖြစ်မှာပါ။
၃။ ဆိတ်ဆိတ်နေတာကလည်း ဆက်သွယ်ရေးပုံစံတစ်ခု ဖြစ်နိုင်ပါတယ် - ဆိတ်ဆိတ်နေတာက ကျွန်တော်တို့ရဲ့ အတွေးတွေကို စုစည်းပေးနိုင်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ သင့်တော်တဲ့ စကားလုံးရှာရတဲ့အခါ အာရုံစုစည်းဖို့ အချိန်ခဏယူတာလည်း အကူအညီ ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုအတွင်း ဆက်သွယ်ပြောဆိုရာမှာ ဆောင်ရွက်ပုံ (၃) မျိုး ရှိပါတယ် -
အပေါ်အောက် - အဖွဲ့နဲ့ ဆက်သွယ်ပြောဆိုရတဲ့ ခေါင်းဆောင်တွေဆိုရင် ‘ပုံပြောတဲ့သူ’ တစ်ယောက် ပုံစံမျိုးနဲ့ ချဉ်းကပ်တာက ယုံကြည်အားထားမှုနဲ့ စစ်မှန်မှုကို တည်ဆောက်နိုင်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဘယ်ကိစ္စမဆို ရိုးရှင်းမှု၊ ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ စိတ်ရင်းမှန်ကန်မှု ရှိအောင် ထိန်းသိမ်းထားမယ်ဆိုရင် ရှင်းလင်းပြတ်သားစွာနဲ့ ဆက်သွယ်နိုင်မှာပါ။ အပြန်အလှန် ဆွေးနွေးဖြစ်အောင် အားပေးပြီး အဖွဲ့သားတွေရဲ့ အကြံပြုချက်တွေကို နားထောင်မယ်ဆိုရင် ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှု တည်ဆောက်နိုင်မှာပါ။
အောက်အပေါ် နဲ့ တပြေးညီ - ကိုယ့်အထက်လူကြီး၊ ကိုယ်နဲ့ တပြေးညီရှိတဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုရတဲ့ အဖွဲ့တွေဆိုရင် ကိစ္စတစ်ခုကို တင်ပြတဲ့အခါ သက်ဆိုင်တဲ့သူဆီ ပေးပို့ဖို့၊ ကိုယ် ဘယ်လို ဝေဖန်အကဲဖြတ်ထားလဲဆိုတာ ထည့်ပြောဖို့၊ ဓမ္မဓိဋ္ဌာန်ကျကျ အချက်အလက်အပေါ် မူတည်ပြီး ချဉ်းကပ်ဖို့၊ ဖြေရှင်းလုပ်ဆောင်နိုင်တဲ့ အချက်တွေကို အဆိုပြုဖို့၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို တွက်ဆထားဖို့ အရေးကြီးပါတယ်။
နောက်ဆုံးအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဆက်သွယ်ရေးနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုဆိုတဲ့ အစိတ်အပိုင်း နှစ်ခု ပါဝင်မှသာ အောင်မြင်နိုင်မယ်ဆိုတာ ထပ်ပြောပါရစေ။ ဆက်သွယ်ရေးဆိုတာ အဖွဲ့တစ်ခုကို အချိတ်အဆက်မိမိ၊ တက်ညီလက်ညီနဲ့ အင်တိုက်အားတိုက် လုပ်ဆောင်စေမယ့် အားအကောင်းဆုံး ကိရိယာတစ်ခုပါ။ ပြီးတော့မှ အဖွဲ့လိုက်လုပ်ဆောင်မှုက စိတ်ကူးထားတဲ့ အလုပ်တွေကို အကောင်အထည်ပေါ်အောင် ဖန်တီးပေးသွားမှာပါ။
Back to top
Share