We'd like to send you notifications of the latest posts and updates
Article
17 Oct,2024 - Yangon | 2 mins read
ရေးသူ - ဦးဝင်းဆွေ၊ အက်တမ် (ATOM) ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်
အောက်တိုဘာလမှာ မိုးရိပ်တိမ်ရိပ်တို့ ဖယ်ခွာကာ ကောင်းကင်ယံ ကလည်းကြည်လင်ဝင်းပလာပြီး မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားကျင်းပလေ့ ရှိတဲ့ သီတင်းကျွတ်ပွဲတော် ကျင်းပမည့် အချိန်ကာလကိုရောက်ရှိ လာတာပဲဖြစ်ပါတယ်။ သီတင်းကျွတ် လသည် မြန်မာ့ ဆယ့်နှစ်လ ရာသီတွင် သတ္တမမြောက်လ ဖြစ်ပြီး တူရာသီ လို့လည်းခေါ်လေ့ရှိကြပါတယ်။ သီတင်းကျွတ် အခါသမယ ဟာ မိုးရာသီရဲ့ နောက်ဆုံးနှုတ်ဆက်သောလ တစ်နည်းအားဖြင့် မိုးရာသီ မကုန်ဆုံးသေးသော်လည်း နေရောင်ခြည်ဖြာစ ပြုလာပြီဖြစ်၍ ဥတုရာသီသာယာတော့မည့် ဆောင်းဥတုရာသီ၏ အရုဏ်ဦး အချိန်ဟု တင်စားလေ့ ရှိကြပါတယ်။ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးကြရာမှ ကျွတ်လွတ်သော လဖြစ်တာကြောင့် “ဝါလကင်းလွတ် သီတင်းကျွတ်” လို့လည်းခေါ် ဝေါ်ကြပါသေးတယ်။
သီတင်းကျွတ်ပွဲတော်၏ ထူးခြားချက်
မြန်မာတို့၏ ၁၂ လရာသီ ယဉ်ကျေးမှုပွဲတော်များမှာ သီတင်းကျွတ် မီးထွန်းပွဲတော်က ဘာသာတရားကို အခြေခံသည့် မွန်မြတ်သော အစဉ်အလာပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်ကို ကြိုဆိုသည့်အနေဖြင့် ဆီမီးထွန်းပူဇော်သည်ကို အကြောင်းပြုကာ အစဉ်အလာမပျက် “အဘိဓမ္မာအခါတော်နေ့” သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပကြခြင်းဖြစ်ပါတယ်။ ဒီပွဲတော် ကာလ မှာ ဘုရား၊ကျောင်းကန်၊နေအိမ်နှင့်လမ်းများတွင် ဆီမီးရောင်စုံထွန်းညှိကြလေ့ရှိကြပါတယ်။
သီတင်းကျွတ်ကာလနဲ့ ပတ်သတ်ပြီး ချစ်စရာ ဓလေ့တစ်ခုလေးရှိပါသေးတယ်။ သီတင်းကျွတ်လက ပျော်ပွဲရွှင်ပွဲ ရာသီ တခုတည်း အနေနဲ့သာ မဟုတ်ဘဲ မိမိတို့၏ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ဖို့ရာ၊ ရှိခိုး ပူဇော် ဖို့ရာ သတိရစေသော အချိန်အခါလည်း ဖြစ်ပါတယ်။ သီတင်းကျွတ်ကာလမှာ ကျွန်တော့်တို့ ဗုဒ္ဓဘာသာဝင်များ အနေ နဲ့ ကျေးဇူးကြီးလှတဲ့ မိဘ၊ဆရာ၊လူကြီးသူမ မိတ်ဆွေရင်းချာ တို့ကိုလှည့်လည်ပြီး ရိုသေသမှု ဂါရဝပြုကြပါတယ်။ အခုလို ပူဇော်ကန်တော့ဂါရဝပြုခြင်းက ဝန်ချတောင်းပန်သည့် သဘော၊ အပြစ်ကြီးငယ်မဆို ပပျောက်စေသည့် သဘောများပါဝင်နေပြီး မြန်မာ့ယဉ်ကျေးမှုမင်္ဂလာ ရှိသည့် ထုံးတမ်းစဉ်လာ တစ်ခုပဲဖြစ်ပါတယ်။
သီတင်းကျွတ်အမှတ်တရ
ကျွန်တော့်အနေနဲ့ မြန်မာဆယ့်နှစ်လ ရာသီပွဲတော်များမှာ အပျော်ဆုံးပွဲတော်ကို ပြောရမယ်ဆိုရင် သင်္ကြန် ရေသဘင်ပွဲတော်ဖြစ်ပြီး ကြည်နူးဖွယ်အကောင်းဆုံးပွဲတော်ကိုပြောပါဆိုရင် ဆီမီးရောင်စုံထွန်းညှိကြတဲ့ သီတင်းကျွတ်ပွဲတော် ပဲဖြစ်ပါတယ်။ သီတင်းကျွတ် ပွဲတော်ရောက်ပြီဆို တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆီမီးထွန်းညှိဖို့ပြင်ဆင်ကြတာ၊ ဝတ်ကောင်းစားလှဝတ်ဆင်ပြီး ဆွေမျိုးများထံ အလည်သွားပြီး ဂါရဝပြုနှုတ်ဆက်ရင်း မီးထွန်းပွဲတော်ကို ဆင်နွှဲလေ့ရှိတာကတော့ ကျွန်တော့်အတွက် အမှတ် အရဆုံး ငယ်ဘဝ အမှတ်တရထဲက တစ်ခုပဲဖြစ်ပါတယ်။ အခုလို လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါမှာဆိုရင်လည်း ဒီလို သီတင်းကျွတ် ကာလမှာ အရင်က မဆုံတွေ့ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ ဆွေမျိုးတွေ နဲ့ တပည့်တွေက မှတ်မှတ်ရရ လာရောက် နှူတ်ဆက် ဂါရဝပြုကြတဲ့အခါမှာလည်းကြည်နူးမဆုံးဖြစ်ရပြန်ပါတယ်။
အက်တမ် (ATOM) တွင်မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများကိုဆင်နွှဲခြင်း
ကျွန်တော်တို့ရဲ့အက်တမ် (ATOM)အနေနဲ့ လည်း အခုလိုမျိုး သီတင်းကျွတ်ပွဲတော် ကဲ့သို့ မြန်မာ့ဓလေ့ပွဲတော်များ ကို ကျင်းပဆင်နွှဲရုံ သာမက ကျွန်တော်တို့ နေ့စဉ်လုပ်ငန်းဆောင်တာများရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရိုးရာ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းဖို့အရေးကြီးကြောင်းကိုလည်း ယုံကြည်လက်ခံထားပါတယ်။ နှစ်စဉ် သီတင်းကျွတ် ပိတ်ရက်ရှည်မတိုင်ခင်မှာ ရုံးတွင်း သီတင်းကျွတ် ပွဲတော်ကို ဆင်နွှဲလေ့ရှိပါတယ်။ အခုလိုမျိုး ဓလေ့ထုံးတမ်းတွေကို ကျွန်တော်တို့ရဲ့ ကော်ပိုရိတ်ယဉ်ကျေးမှုမှာပေါင်းစပ်ပြီး ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ခိုင်မာတဲ့စိတ်ခွန်အားတွေ ပေါင်းစည်းမှုကို တွန်းအားပေးသွားမှာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ တစ်မူထူးခြားသော ရိုးရာယဉ်ကျေးမှုများကို လေးလေးနက်နက် လေးစားလိုက်နာခြင်းဖြင့် ကျွန်တော်တို့၏ မတူညီသော လုပ်ငန်းခွင်အတွင်း အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို လေးစားယုံကြည်ခြင်းက ဝန်ထမ်းများ၏ စိတ်လက်ကျန်းမာရေးနှင့် တန်ဖိုးများကို အလေးထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ရမည်ဆိုတဲ့ အက်တမ် (ATOM)ရဲ့ ကတိကဝတ်ကိုလည်း ပိုမိုခိုင်မာလာစေမှာပဲဖြစ်ပါတယ်။
နိဂုံး
အခုလို ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိလာသည်နှင့် အမျှ ကျွန်တော်တို့ အက်တမ် (ATOM ) အနေနဲ့ အချင်းချင်း လေးစားမှု၊ စည်းလုံးညီညွတ်မှုနှင့် ကျေးဇူးသိတတ်မှု စသည့်တန်ဖိုးများကိုလည်း ပြန်လည် အမှတ်ရစေပါတယ်။ ဒီနှစ်ရဲ့ သီတင်းကျွတ်ကာလမှာ ဆိုရင်လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူ customer များအတွက် ရည်ရွယ်ပြီး လူမှုအသိုင်းအဝိုင်းများနှင့်ဆက်သွယ်ပြီး လှူဒါန်းမှုများစတဲ့ လှုပ်ရှားမှုများကို လုပ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ အသုံးပြုသူ customer တွေ၊ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး အဓိပ္ပာယ်ပြည့်ဝပြီး ပျော်ရွှင်စိတ်ကြည်နူးစရာကောင်းတဲ့ သီတင်းကျွတ်ပွဲတော် အချိန်ကာလသမယကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ တစ်ဆင့် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ အခုလို မွန်မြတ်တဲ့ သီတင်းကျွတ်ကာလကနေ အားလုံးအတွက် ငြိမ်းချမ်းမှုတွေ၊ ကျန်းမာချမ်းသာမှုတွေနဲ့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူတူရှိနေဖို့အတွက် အခွင့်အရေးတွေ ယူဆောင်လာနိုင်ပါစေလို့ ထပ်လောင်းဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။
- ပြီး -
Back to top
Share