We'd like to send you notifications of the latest posts and updates

Article

လက်တွေ့ကျတဲ့ နှစ်သစ်ရည်မှန်းချက်များ ထားရှိနိုင်ဖို့ လိုက်နာရမယ့် အဆင့် (၅) ဆင့်

28 Dec,2022 - Yangon | 2 mins read

ရေးသူ - ဦးကျော်မင်းသိန်း၊ အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်

ရည်မှန်းချက်တွေ သတ်မှတ်ထားရှိတယ်ဆိုတာက အပြောင်းအလဲကောင်းတစ်ခုအတွက် ခြေလှမ်းလှမ်းလိုက်တဲ့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုနေပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) က လာမယ့်နှစ်သစ်ရဲ့ အစမှာ ဝန်ထမ်းတွေကို ကိုယ်ရည်ကိုယ်သွေး နဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ တိုးတက်ဖို့အတွက် လက်တွေ့ ကျတဲ့ နှစ်သစ်ရည်မှန်းချက်တွေ ချမှတ်ပြီး ကြိုးစားကြဖို့ တိုက်တွန်းအားပေးနေပါတယ်။ ဒီလို တစ်ယောက်ချင်းစီ က ရည်မှန်းချက်တွေ ကိုယ်စီထားရှိကြမယ်ဆိုရင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ပိုမိုကောင်းမွန်တဲ့ #BeyondBetter တိုးတက်ပြောင်းလဲမှုတွေဆီကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဖြစ်မြောက်နိုင်ဖို့ မလွယ်ကူတဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေထားရှိတာမျိုးထက် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်တဲ့ အရာတွေကို ရည်မှန်းချက်အနေနဲ့ သတ်မှတ် ထားရှိသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဒါမှသာ ဒီရည်မှန်းချက် ပြည့်မြောက်ဖို့အတွက် တစ်နှစ်ပတ်လုံး တစိုက်မတ်မတ်ကြိုးစားရင်း တိုးတက်မှုရှိ၊ မရှိဆိုတာကို ပုံမှန်ဆန်းစစ်နေနိုင်မှာ ဖြစ်ပါတယ်။ အကျိုးရှိတဲ့ နှစ်သစ်ရည်မှန်းချက်တွေ ချမှတ်နိုင်ဖို့ ကူညီလမ်းပြပေးနိုင်မယ့် အကြံပြုချက်တချို့ကို ကျွန်တော် ဝေမျှပေးချင်ပါတယ်။ 

https://www.atom.com.mm/uploads/ATOM/Media/CHROArticle_FiveStepsforMakingRealisticNewYearResolutions_EN.jpg

အဆင့် (၁) - ကိုယ့်အနေနဲ့ နှစ်သစ်မှာ ပြည့်မြောက်အောင်လုပ်မယ်လို့ မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေကို ချရေးပါ။

ကိုယ့်ရဲ့ အလုပ်အကိုင်၊ အချစ်ရေး အပါအဝင် တခြားသူတွေနဲ့ ဆက်ဆံရေး၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ တိုးတက်ရေး၊ ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုရှိရေး ဒါမှမဟုတ် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး နဲ့ စိတ်ဓာတ်ကြံ့ခိုင် ပျော်ရွှင်ရေးပိုင်းနဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက်တွေကို ချရေးလို့ရပါတယ်။ ရည်မှန်းချက်တွေကို ချရေးပြီးပြီဆိုတာနဲ့ အရင်နှစ်တွေက ကိုယ်ချမှတ်ဖြစ်ခဲ့တဲ့ နှစ်သစ်ရည်မှန်းချက်တွေကိုလည်း ပြန်စဉ်းစားပြီး ကိုယ့်ရဲ့ တိုးတက်မှုအခြေအနေတွေကို ပြန်သုံးသပ်ပါ။

အဆင့် (၂) - ရည်မှန်းချက်တွေကို အဆင့် သတ်မှတ်ပါ။

Pareto နိယာမ တစ်နည်းအားဖြင့် ၈၀/၂၀ သီအိုရီလို့ လူသိများတဲ့စည်းမျဥ်းက အကြမ်းဖျင်းအားဖြင့် အကျိုးတရား ၈၀ ရာခိုင်နှုန်းက အကြောင်းတရား ၂၀ ရာခိုင်နှုန်းကနေ ဖြစ်တည်လာတယ်လို့ဖော်ပြထားပါတယ်။ လုပ်စရာ အလုပ်တွေထဲက တကယ်အရေးကြီးတဲ့ အလုပ် ၂၀ ရာခိုင်နှုန်းကို ဦးစားပေးရွေးပြီး စိတ်ပါလက်ပါ၊ အင်တိုက် အားတိုက် အလုပ်လုပ်နိုင်ရင် အလုပ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ပြီးမြောက်အောင် လုပ်ပြီးသား ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် အလေးထားဦးစားပေးရမယ့်အရာက ဘာလဲဆိုတာကို သိထားဖို့ လိုအပ်ပြီး တစ်နှစ်ပတ်လုံး ကိုယ့်အတွက် အကောင်းဆုံးအကျိုးရလဒ်တွေကို ယူဆောင်ပေးနိုင်မယ့် ရည်မှန်းချက် သုံးခု ကနေ ငါးခုအထိကိုပဲ အာရုံစူးစိုက်ပြီး လုပ်စေချင်ပါတယ်။

အဆင့် (၃) - တိတိကျကျသတ်မှတ်ပြီး သေးငယ်တဲ့အရာကနေ စတင်ပါ။

ဒါက ဘာကိုဆိုလိုတာလဲဆိုရင် ဥပမာ - နှစ်သစ်မှာ ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်အသစ်တစ်ခုကို သင်ယူမယ်လို့ စိတ်ကူးထားရင် အဲ့ဒီပညာရပ်ကို ရရှိနိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို အမြန်ဆုံး လေ့လာစုဆောင်းထား လိုက်တာမျိုး ဖြစ်ပါတယ်။ ဆန္ဒစောပြီး ကျောင်းတစ်ကျောင်းမှာ ဘာသာရပ်တစ်ခုကို အခကြေးငွေနဲ့ စာရင်း သွင်းတာမျိုးထက် အွန်လိုင်းပေါ်ကနေ သင်ခန်းစာဗီဒီယိုတွေကို တစ်ပတ်မှာ တစ်ပုဒ် ပုံမှန်ကြည့်တာမျိုးလို သေးငယ်တဲ့ ခြေလှမ်းတစ်ခုကနေ စကြိုးစားသင့်ပါတယ်။

အဆင့် (၄) - ကိုယ့်ကိုယ်ကိုယ် ဆုပေးတဲ့အလေ့အထ ပြုလုပ်ပါ။

ကိုယ်လိုချင်တဲ့ ရည်မှန်းချက်တစ်ခုကိုရောက်ရှိဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းအားပေးနေဖို့ လိုအပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဆုပေးတတ်တဲ့အကျင့်မျိုး ပြုလုပ်ပေးပါ။ ဥပမာအနေနဲ့ - ကိုယ် ချမှတ်ထားတဲ့အတိုင်း တစ်လမှာ သင်ခန်းစာ ဗီဒီယိုလေးခု ကြည့်လို့ပြီးသွားပြီ ဆိုပါစို့။ ကိုယ်ကြိုက်တတ်တဲ့အရာတွေဖြစ်တဲ့ ညလုံးပေါက် ရုပ်ရှင်ထိုင်ကြည့်တာမျိုး နဲ့ ကိုယ့်ကိုယ်ကိုယ် ဆုချပေးပါ။

အဆင့် (၅) - သင့်ရဲ့ တိုးတက်လာမှုကို တိုင်းတာပါ

ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေအတိုင်း အမှန်တကယ် ကိုယ်ကလုပ်ဆောင်နေလားဆိုတာ သေချာစေနိုင်တဲ့ နည်းလမ်းကတော့ ကိုယ့်ရဲ့ပန်းတိုင်တွေ ဘယ်အတိုင်းအတာထိ ရောက်လာပြီဆိုတာကို လတိုင်း စစ်ဆေးပေးခြင်း၊ တိုးတက်မှု တစ်ခုချင်းစီကို အသိအမှတ်ပြုတိုင်းတာပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အကြောင်းအမျိုးမျိုးကြောင့်လည်း အခြေအနေတွေက ပြောင်းလဲသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို လိုအပ်သလို ပြောင်းလဲသတ်မှတ်ပြီး အတတ်နိုင်ဆုံး လက်တွေ့ကျအောင် ဆက်လက် လုပ်ဆောင်သွားရင်လည်း အဆင်ပြေပါတယ်။

အရေးကြီးဆုံးကတော့ စိတ်ရှည်ရှည်ထားပြီး ပြောင်းလဲခြင်းဆိုတာက ဖြစ်စဥ်တစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရနေဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ တစ်ခါတစ်လေ ကိုယ်စီစဥ်ထားတဲ့အတိုင်းမဟုတ်ဘဲ လွဲချော်သွားတာမျိုးတွေ ဖြစ်ခဲ့ရင်တောင် အမြဲတမ်း နဂိုမူလ ရည်မှန်းချက်ဆီကို ပြန်လှည့်လာပြီး ဆက်ကြိုးစားအားထုတ်လို့ရတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ကိုယ်ထားရှိတဲ့ ရည်မှန်းချက်ကို လုံးဝ စွန့်ပစ်လိုက်တာမျိုး၊ အောင်မြင်အောင် ဆက် မကြိုးစားတော့တာမျိုး မလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ခွန်အားပေးနေဖို့ မမေ့ပါနဲ့လို့ အားပေးတိုက်တွန်းလိုက် ပါရစေ။

ဒါဆိုရင် ၂၀၂၃ ခုနှစ်မှာ သင့်အနေနဲ့ ဘယ်လိုရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်သွားမလဲ။ ကျွန်တော်ကတော့ ၂၀၂၃ ခုနှစ်ထဲမှာ အကောင်အထည်ဖော်သွားမယ့် ရည်မှန်းချက်တွေကို အားလုံးနဲ့အတူ ဝေမျှလိုက်ပါတယ်။

၁) ကျွန်တော့်မိခင်ကြီးရဲ့ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရေးအတွက် တစ်နေ့ကို အနည်းဆုံး အချိန် တစ်နာရီပေးပြီး မိခင်ကို ကြည့်ရှုစောင့်ရှောက်ဖို့၊

၂) ကိုယ် အလေးချိန် (၁၅) ပေါင် တက်လာဖို့ ကြိုးစားဖို့၊

၃) လူမှုအဖွဲ့အစည်းတွေကို စုစုပေါင်း မြန်မာငွေ (၁၀) သန်း အထိ လှူဒါန်းကူညီထောက်ပံ့သွားဖို့။

၂၀၂၃ ခုနှစ်က သင့်အတွက် အောင်မြင်မှုတွေ သယ်ဆောင်လာပေးမယ့်နှစ် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။ လာမယ့်နှစ်သစ်မှာ တစ်ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်ခြင်းနဲ့ ရွှင်လန်း ဝမ်းမြောက်ခြင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Back to top