We'd like to send you notifications of the latest posts and updates
Article
06 Dec,2023 - Yangon | 3 mins read
ရေးသူ - ကိုကျော်မင်းသိန်း၊ အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှုဆောင်အရာရှိချုပ်
အက်တမ် (ATOM) ရဲ့ လုပ်ငန်းအောင်မြင်မှုနောက်ကွယ်က အဓိကပံ့ပိုးကူညီပေးသူတွေက ဝန်ထမ်းတွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ သိရှိနားလည်ထားပြီး ဝန်ထမ်းတွေအားလုံးကို ဦးစားပေးအလေးထားလျက်ရှိပါတယ်။ အက်တမ် (ATOM) ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှုဆောင်အရာရှိချုပ်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်တစ်ခုကတော့ လူစွမ်းအားအရင်းအမြစ်တွေကို မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုတွေကနေတစ်ဆင့် အားအင်အပြည့် လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်ဖို့နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့အခုလက်ရှိတာဝန်ယူနေရတဲ့ နေရာမှာဆိုရင် အရည်အချင်းကောင်းတွေ ရှိတဲ့ ဝန်ထမ်းသစ်တွေကို ရှာဖွေရယူရေး၊ ဝန်ထမ်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်စီမံခန့်ခွဲရေးအပြင် ကုမ္ပဏီရဲ့ စံတန်ဖိုးတွေ၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖန်တီးဖော်ဆောင်ရေး စတဲ့ အက်တမ် (ATOM) အတွက် အရေးပါလှတဲ့ ကိစ္စရပ်တွေမှာ တာဝန်ယူလုပ်ဆောင်နေတာဖြစ်ပါတယ်။ အခု ဒီဆောင်းပါးမှာဆိုရင် အက်တမ် (ATOM) မှာ ဖြတ်သန်းရတဲ့ ကျွန်တော့်ရဲ့ ပုံမှန်တစ်နေ့တာအကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
နံနက် ၈ နာရီ ၃၀ မိနစ် - မနက်ခင်း စတင်ချိန်
ကျွန်တော်ကတော့ ရုံးကို အချိန်မှန်မှန် ရောက်လေ့ရှိပါတယ်။ မနက်ခင်းဆိုတာ ကျွန်တော့်အတွက်တော့ နေ့တစ်နေ့ရဲ့ ရှေ့ပြေးအချိန်လို့ မှတ်ယူထားပါတယ်။ ကော်ဖီလေးတစ်ခွက်သောက်ရင်း တစ်နေ့တာ လုပ်ဆောင်ရမယ့်အချိန်ဇယားကို ကြည့်ပြီး နေ့တစ်နေ့ကို ရိုးရိုးရှင်းရှင်းလေး စတင်လိုက်ပါတယ်။ ဒီအချိန်မှာဆိုရင် ကျွန်တော်က အီးမေးလ်တွေကို စစ်လေ့ရှိပြီး ဖြေရှင်းပေးဖို့ လိုအပ်တဲ့ အရေးပေါ် လုပ်ငန်းကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ပါတယ်။
နံနက် ၉ နာရီ - နေ့စဉ် လုပ်ငန်းဆောင်တာများကို တိုင်ပင်ဆွေးနွေးချိန်
မနက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး လက်ရှိဆောင်ရွက်နေတဲ့ ပရောဂျက်တွေနဲ့ လုပ်ဆောင်ချက်တွေကို ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ ပုံမှန်ဆွေးနွေးလေ့ရှိတာကတော့ အက်တမ် (ATOM) ရဲ့ ချမှတ်ထားတဲ့ စီးပွားရေးပန်းတိုင်အတိုင်း လက်ရှိဦးစားပေး လုပ်ဆောင်ချက်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာနည်းဗျူဟာတွေကို ချိန်ညှိကာ ရေးဆွဲဖော်ဆောင်ကြဖို့ပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ လုပ်ငန်းတာဝန်ပြီးမြောက်မှုတွေကို အကဲဖြတ်စစ်ဆေးပြီး နည်းစနစ်အဆင့်မြှင့်တင်မှုတွေနဲ့ လုပ်ငန်းရလဒ်ကောင်းတွေအတွက် ဆောင်ရွက်မှုတွေကို တိုးတက်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေကာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပေါ်လစီတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ဒီအချိန်မှာ အကဲဖြတ်စစ်ဆေးစီမံပါတယ်။
နံနက် ၁၁ နာရီ - ချမှတ်ထားသော ဝန်ထမ်းသစ်များ စုဆောင်းရှာဖွေရန် နည်းဗျူဟာများ သုံးသပ်ဆွေးနွေးချိန်
ကျွန်တော်တို့က အရည်အချင်းကောင်းတွေ ရှိတဲ့ ဝန်ထမ်းသစ်စုဆောင်းခြင်းဆိုင်ရာ နည်းဗျူဟာတွေကိုလည်း သင့်တော်သလို ပြောင်းလဲပြင်ဆင်ပြီး အက်တမ် (ATOM) အတွက် တစ်မူထူးခြားတဲ့ ထိပ်တန်းအရည်အသွေးတွေရှိတဲ့ ဝန်ထမ်းသစ်တွေကို ဆွဲဆောင်နိုင်ဖို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအစပျိုးမှုတွေကိုလည်း စူးစမ်းရှာဖွေကြပါတယ်။ နောက်ပြီးတော့ ကျွန်တော်က အက်တမ် (ATOM) မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဝန်ထမ်းလျှောက်လွှာတွေနဲ့ တခြားကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို တိုင်ပင်ဆွေးနွေးဖို့ ဝန်ထမ်းစုဆောင်းရေးအဖွဲ့နဲ့ ပုံမှန်တွေ့ဆုံဖြစ်ပါတယ်။ တစ်ခါတလေဆိုရင် ကျွန်တော်က ဝန်ထမ်း စုဆောင်းမှုတွေနဲ့ ရွေးချယ်မှုလုပ်ငန်းစဉ်တွေကို အကဲဖြတ်စစ်ဆေးဖို့လည်း အင်တာဗျူးတွေမှာ ပါဝင်တတ်ပါသေးတယ်။
နေ့လယ် ၁ နာရီ ၃၀ မိနစ် - လုပ်ငန်းဆောင်တာများ ဆောင်ရွက်ချိန်
နေ့လယ်ပိုင်းကတော့ ကျွန်တော့်အတွက် အလုပ်များတဲ့အချိန်ပါပဲ။ ကျွန်တော်က အီးမေးလ်တွေ စစ်တာ၊ လုပ်ငန်းအစီအစဉ်တွေကို သုံးသပ်တာတွေ အပြင် တစ်ခါတလေဆို အက်တမ် (ATOM) ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဖြေရှင်းစရာလိုအပ်တဲ့ ကိစ္စရပ်တွေကို စီမံဆောင်ရွက်ရပါတယ်။ ပြီးတော့ ဒီလိုဖြေရှင်းလုပ်ဆောင်ပေးရတာက ကျွန်တော့်ရဲ့ အဓိက အလုပ်တာဝန်တစ်ခုဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့နေစေဖို့နဲ့ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်စိတ်ကျေနပ်မှု ရစေဖို့ ဦးစားပေးလုပ်ဆောင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်က ဝန်ထမ်းလစာတွေနဲ့ ထပ်ပေါင်းအကျိုးခံစားခွင့်တွေကို စစ်ဆေးဆောင်ရွက်ပြီး ကျွန်တော့်ရဲ့ အဖွဲ့နဲ့ ဝန်ထမ်းကောင်းတွေကို ရေရှည်ဆွဲဆောင်ထားနိုင်မယ့် အစီအစဉ်အသစ်တွေ၊ အကျိုးခံစားခွင့်များကို အဆိုပြုဖို့ ဆွေးနွေးတိုင်ပင်ကြပါတယ်။
ညနေ ၃ နာရီ - သင်တန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုများ ရေးဆွဲချိန်
ကျွန်တော်တို့ အက်တမ် (ATOM) က ချမှတ်ထားတဲ့ ‘Beyond Better’ ဆောင်ပုဒ်အတိုင်း အမြဲတမ်း သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နေဖို့ဆိုရင် အဖွဲ့အစည်းအတွင်း လိုအပ်တဲ့ ကျွမ်းကျင်ပညာရပ်တွေနဲ့ ပတ်သက်ပြီး အဆက်မပြတ်လေ့လာသင်ယူရပါတယ်။ ဒီလိုမျိုး အက်တမ် (ATOM) ရဲ့ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (training and development team) နဲ့အတူ ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတဲ့ အစီအစဉ်တွေ၊ လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုတွေ၊ တိုးတက်မှုလိုအပ်နေတဲ့ အပိုင်းတွေအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။
ညနေ ၄ နာရီ ၃၀ မိနစ် - ဝန်ထမ်းများနဲ့ စကားပြောပြီး အဖွဲ့အစည်းတွင်း ယဉ်ကျေးမှုတည်ဆောက်ခြင်း
သက်ဆိုင်ရာဌာနအသီးသီးရဲ့ ကြီးကြပ်သူတွေရယ်၊ employee engagement အဖွဲ့နဲ့ပုံမှန်အစည်းအဝေးလုပ်လေ့ရှိပြီး အဖွဲ့အစည်းအတွင်း ကောင်းမွန်တဲ့အလေ့အထလေးတွေဖြစ်လာအောင် ပြုလုပ်သွားမယ့်အစီအစဉ်တွေ၊ ပွဲတွေအကြောင်းကို ဆွေးနွေးကြပါတယ်။ ကောက်ယူထားတဲ့ ဝန်ထမ်းစစ်တမ်းတွေရဲ့ အဖြေရလဒ်ကို ကြည့်ပြီး သူတို့ရဲ့အကြံပြုချက်တွေကို ဖြေရှင်းပေးဖို့အတွက် အစီအစဉ်ရေးဆွဲစရာရှိတာ ရေးဆွဲပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ချက်တွေကနေတစ်ဆင့် အဖွဲ့အစည်းတွင်းအလေ့အကျင့်ကောင်းတွေကို တိုးတက်စေပြီး ဝန်ထမ်းများရဲ့ ကျင့်ဝတ်ကောင်းတွေကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။
အက်တမ် (ATOM) မှာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်ရတာက စိတ်အားထက်သန်မှုတွေ၊ ရည်မှန်းချက်တွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့တည်ဆောက်ထားတဲ့ ခရီးလမ်းကို လျှောက်လှမ်းနေရသလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ ထူးချွန်ထက်မြက်ပြီး စွမ်းဆောင်ရည်အမြင့်ဆုံးမှာ အလုပ်လုပ်နိုင်မယ့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးရမယ့် တာဝန် ကျွန်တော့်မှာရှိပါတယ်။ ဝန်ထမ်းတွေအောင်မြင်မှုရရှိဖို့အတွက် အဘက်ဘက်ကနေ ကူညီထောက်ပံ့ပေးတာမျိုး၊ တစ်ဦးပေါ် တစ်ဦး လေးစားမှုနဲ့ ပြောဆိုဆက်ဆံတာ သေချာစေဖို့၊ အဖွဲ့အစည်းတွင်းမှာ ဝန်ထမ်းတွေရဲ့အသံကို အမြဲတမ်းနားထောင်နေဖို့ စတာတွေပါဝင်ပါတယ်။ CEO နဲ့ တခြားအရာရှိတို့ရဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ မိတ်ဖက်တစ်ဦးလိုမျိုးလည်း ဖြစ်သလို အဖွဲ့အစည်းရဲ့ အောင်မြင်မှုကို အားလုံးရဲ့ စွမ်းအားတွေနဲ့အတူအောင်မြင်အောင် ပံ့ပိုးကူညီမှုတွေလည်း ပြုလုပ်ပေးရပါတယ်။
ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အဖွဲ့မှာ အတူတူအလုပ်လုပ်နိုင်ဖို့ အရည်အချင်းရှိတဲ့ဝန်ထမ်းကောင်းတွေကို အမြဲတမ်းရှာဖွေလျက်ရှိပါတယ်။ တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ စတင်လျှောက်လှမ်းချင်တဲ့သူတွေအတွက် အက်တမ် (ATOM) ရဲ့ အလုပ်အကိုင် ဝက်ဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ www.atom.com.mm/en/about/career/work-with-us မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာအဖွဲ့ (HR Team) ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ hr@atom.com.mm အီးမေးလ်ပို့ပြီး ဆက်သွယ်နိုင််သလို အက်တမ် (ATOM) Facebook စာမျက်နှာ www.facebook.com/ATOMOfficialPage ဒါမှမဟုတ် LinkedIn စာမျက်နှာ www.linkedin.com/company/atom-myanmar ကိုလည်း မက်ဆေ့ချ်ပေးပို့နိုင်ပါတယ်။
Back to top
Share