We'd like to send you notifications of the latest posts and updates
Article
23 Jun,2023 - Yangon | 1 mins read
ရေးသူ - Muhammad Ziaullah Siddiqui ၊ အက်တမ် (ATOM) ၏ အမှုဆောင် အရာရှိချုပ်
ဒီမေလ ပထမ အပတ်ထဲမှာ ရုံးပိတ်ရက်တွေရှိနေတာကြောင့် ကျွန်တော် မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့တော်လည်းဖြစ်၊ အရင်က နန်းတွင်းမြို့တော်လည်း ဖြစ်ခဲ့တဲ့ မန္တလေးမြို့ကြီးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ ပူပြင်းခြောက်သွေ့တယ်ဆိုတဲ့ ရာသီဥတု သတိပေးချက်တွေ ကြေညာထားပေမယ့်လည်း မန္တလေးမြို့ကို သွားလည်ဖို့ ဆုံးဖြတ်ချက်ချထားတဲ့ အတိုင်း ကျွန်တော် သွားရောက်လည်ပတ်ခဲ့ပြီးတော့ ဒီခရီးလေးက အမှတ်တရဖြစ်ပြီး ကြွယ်ဝတဲ့ ယဉ်ကျေးမှု အတွေ့အကြုံလေးတွေလည်း လေ့လာခွင့်ရခဲ့ပါတယ်။
သစ်သီးဝလံလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်တစ်ခုရဲ့ အစ
မန္တလေးမြို့ကို ရောက်ရောက်ချင်း ဟိုတယ်ကို သွားတဲ့ လမ်းမှာပဲ ကျွန်တော် အသီးအနှံမျိုးစုံရောင်းနေတဲ့ စျေးဆိုင်လေးတွေ အများကြီးကို လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် နာမည်ကြီး စိန်တစ်လုံး သရက်သီးတွေကို အများဆုံးရောင်းနေကြတာကို တွေ့ရပါတယ်။ ကျွန်တော့်လို သရက်သီးကြိုက်တတ်တဲ့ လူအတွက်တော့ အနံ့နဲ့ အရသာကို မြည်းကြည့်ချင်စိတ်က တားမရခဲ့ပါဘူး။
သရက်သီးတွေရဲ့ အရည်အသွေးနဲ့ အနံ့အရသာက အတော်ကောင်းတဲ့အတွက် ကျွန်တော်ကိုယ်တိုင် စားဖို့အတွက်ရော ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ပါ ၂၀ ကီလိုဂရမ်ဖိုးလောက် ထိ ဝယ်ဖြစ်ခဲ့ပါတယ်။ သရက်သီးဝယ်ရင်း တွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကတော့ ကျွန်တော်ဝယ်လိုက်တဲ့ သရက်သီးဆိုင်ပိုင်ရှင်က အက်တမ် (ATOM) customer တစ်ယောက်ဆိုတာကို ကျွန်တော်သိခဲ့ရပါတယ်။ သရက်သီးတွေ ဝယ်ရင်းနဲ့ ဒီဆိုင်ပိုင်ရှင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် စကားတွေ အများကြီးပြောခဲ့ပါသေးတယ်။
ပြင်ဦးလွင်မြို့သို့ ဆက်လက်ခြေဆန့်ခဲ့ခြင်း
မန္တလေးက အပူဒဏ်ကို ရှောင်ဖို့အတွက် ကျွန်တော် ယခင်က မေမြို့ လို့ခေါ်ကြတဲ့ ပြင်ဦးလွင်မြို့ကို ဆက်ပြီး ခရီးဆက်ခဲ့ပါတယ်။ ဒီမြို့လေးကတော့ မန္တလေးကနေ ၆၇ ကီလိုမီတာ အကွာမှာ တည်ရှိနေတဲ့ ရှုခင်းလှတဲ့ မြို့လေးတစ်မြို့ ဖြစ်သလို ပင်လယ်ရေ မျက်နှာပြင် အထက် ပေ (၃,၅၀၀) မှာ ရှိတဲ့ ချမ်းစိမ့်စိမ့် ရာသီဥတုလေးနဲ့ မြို့လေးတစ်မြို့ပါ။ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ဒီဇင်ဘာခြံ နဲ့ ယာခင်း၊ Governor's House နဲ့ တရုတ်ဘုံကျောင်း တွေဆီ သွားရောက်လည်ပတ်ခဲ့ပြီး ပျော်ရွင်စရာအချိန်တွေကို ကျွန်တော်ပိုင်ဆိုင်ခဲ့ရပါတယ်။ မိသားစုလက်စုံစားလို့ရနိုင်တဲ့ စားသောက်ဆိုင်တစ်ခုမှာ အရမ်းအရသာရှိတဲ့ အစားအသောက်တွေကို စားခဲ့ပါသေးတယ်။
အက်တမ် (ATOM) အဖွဲ့သားတွေနဲ့ တွေ့ဆုံခြင်း
ဘယ်နေရာကိုပဲရောက်ရောက် အက်တမ် (ATOM) အဖွဲ့သားတွေရှိတဲ့နေရာကို မသွားဖြစ်ဘဲ ဈေးကွက်ကွင်းဆင်း မလေ့လာဖြစ်ဘူးဆိုရင် ဒီခရီးက ပြီးပြည့်စုံတယ်လို့ ကျွန်တော် မခံစားရပါဘူး။ ကျွန်တော် မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တာဝန်ရှိအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ သက်ဆိုင်ရာဒေသမှာ လုပ်ကိုင်နေကြတဲ့ ပြောင်မြောက်တဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ချီးကျုးစကားတွေ ပြောဖြစ်ခဲ့ပါသေးတယ်။
ခရီးစဉ်ကတော့ အဖက်ဖက်ကနေ ကျွန်တော့်အတွက် အမှတ်ရဖို့ ကောင်းပါတယ်။ အရမ်းအရသာရှိတဲ့ သရက်သီးတွေ၊ ရှုခင်းလှတဲ့ နေရာတွေကို သွားရောက်ခဲ့ရတာတွေ၊ ပန်းခြံ ဥယျာဉ်နဲ့ စိုက်ခင်းတွေကို လည်ပတ်တာတွေ၊ ဒေသထွက် စားသောက်ဖွယ်ရာတွေကို စားသုံးတာတွေနဲ့ မန္တလေးရဲ့ သမိုင်းကြောင်းကို လေ့လာရတာ အစရှိသဖြင့်ပေါ့ဗျာ။
ခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော် သဘောအကျဆုံးအရာကတော့ မန္တလေးမြို့ရဲ့ မတူညီတဲ့ နေရာပေါင်းစုံက ဒေသခံတွေနဲ့ ပျော်ပျော်ပါးပါးစကားတွေပြောရင်း သူတို့ရဲ့ စိတ်နှလုံး ဖြူစင်မှုတွေနဲ့ ရက်ရောမှုတွေကိုပါ လက်တွေ့ ကြုံတွေ့ခဲ့ရတာကိုပါပဲ။ အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ မန္တလေးမှာ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ အဖွဲ့ဝင်တွေနဲ့ အတူ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို အရမ်းတန်ဖိုးထားရသလို သူတို့ရဲ့ ဧည့်ဝတ် ကျေပွန်မှုတွေအတွက် အမြဲကျေးဇူးတင်နေမှာပါ။ နောက်လည်း အခွင့်သာခဲ့ရင် မန္တလေးကို ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။
Back to top
Share