We'd like to send you notifications of the latest posts and updates
Article
05 Jul,2023 - Yangon | 1 mins read
ရေးသူ - ခင်ဖုန်းဆင့်၊ အက်တမ် (ATOM) ၏ ဘဏ္ဍာရေးဆိုင်ရာ ဒုတိယအမှုဆောင်အရာရှိချုပ်
မြန်မာနိုင်ငံမှာ မုတ်သုံမိုးရာသီဝင်လာတာနဲ့အမျှ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးတို့အတွက် ကြိုတင်ကာကွယ်ထားဖို့က အရေးကြီးပါတယ်။ မိုးကြီးတာ၊ လေထုစိုထိုင်းတာတွေက ကျန်းမာရေးအန္တရာယ်အမျိုးမျိုးနဲ့ ဘေးအန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။ အခုလိုအချိန်ကာလမျိုးမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်နိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းတချို့ကို ပြောပြပေးသွားပါမယ်။
တုပ်ကွေး ကာကွယ်ဆေး - မိုးရာသီဆိုတာနဲ့ တုပ်ကွေးရာသီလို့ သတ်မှတ်ကြပါတယ်။ ရာသီတုပ်ကွေးအန္တရာယ်ကနေ မိမိကိုယ်ကိုယ်နဲ့ ရောဂါကူးစက်လွယ်တဲ့ သူတွေ ဥပမာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ သို့မဟုတ် နာတာရှည်ရောဂါရှိသူတွေကို ကာကွယ်ဖို့ဆိုရင် ရာသီအလိုက် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ကို စဉ်းစားသင့်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ရေနဲ့ သုံးပြီး သေချာဆေးဖို့ ဒါမှမဟုတ် ဆပ်ပြာ မရှိခဲ့ဘူးဆိုရင် လက်သန့်ဆေးရည်အသုံးပြုပြီး မကြာခဏ ဆေးဖို့လည်း လိုအပ်ပါတယ်။
ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများကို ကာကွယ်ခြင်း - မိုးတွင်းကာလမှာ ခြင်တွေ ပိုပြီးပေါက်ပွားလာတာက သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတို့လိုမျိုး ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ DEET ပါဝင်တဲ့ ခြင်မကိုက်ဆေး သုံးတာမျိုး၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်တာမျိုး နဲ့ အိပ်စက်တဲ့အခါ ခြင်ထောင်ထောင်ပြီး အိပ်တာမျိုးကို လုပ်ဆောင်သင့်ပါတယ်။ ခြင်မပေါက်ပွားအောင် နေအိမ်အနီးနားမှာရှိတဲ့ ရေဝပ်နိုင်တဲ့နေရာတွေကို ဖယ်ရှားပေးဖို့ မမေ့ပါနဲ့။
အစားအသောက်သန့်ရှင်းဖို့ ဂရုစိုက်ခြင်း - လေထုစိုထိုင်းထိုင်းဖြစ်နေတာမျိုးက အစားအသောက် သိုးဖို့ကို ပိုမိုလျင်မြန်စေပါတယ်။ အစားအသောက်တွေကို သေချာသိမ်းဆည်းဖို့နဲ့ လတ်လတ်ဆတ်ဆတ်ဖြစ်နေဖို့ ဂရုစိုက်ပါ။ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မစားခင် ရေနဲ့သေချာဆေးဖို့လည်း လိုအပ်ပါတယ်။ အစားအသောက်တွေကို သေချာကျက်အောင်ချက်ပြီး စားလို့မကုန်တဲ့ ဟင်းကျန်တွေကို ရေခဲသေတ္တာထဲမှာ ချက်ချင်းသိမ်းဆည်းထားပါ။ အချိန်အကြာကြီး ပြင်ပလေနဲ့ ထိထားတဲ့ လမ်းဘေးအစားအစာတွေ စားသောက်တာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
လမ်းခရီးလုံခြုံရေး - မိုးရာသီမှာဆိုရင် ကားလမ်းတွေက သွားရလာရတာ အန္တရာယ်များနိုင်ပြီး လမ်းချော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကားကို ဂရုတစိုက်မောင်းခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာပြီး တခြားယာဉ်တွေနဲ့ ခပ်ခွာခွာကနေ မောင်းနှင်သင့်ပါတယ်။ ကိုယ့်ကားရဲ့ ဘရိတ်၊ တာယာနဲ့ ကားမီးတွေကိုလည်း ပုံမှန်စစ်ဆေးသင့်ပြီး ခရီးမသွားခင် ကားလမ်းအခြေအနေကို စစ်ဆေးဖို့အတွက် ယုံကြည်ရတဲ့ လမ်းညွှန်အက်ပလီကေးရှင်းတွေကို သုံးပေးသင့်ပါတယ်။
လျှပ်စစ်နှင့်ပက်သတ်တဲ့ မတော်တဆမှုများကို ကာကွယ်ခြင်း - မိုးကြိုးပစ်တာနဲ့ လျပ်စီးလက်တာတွေက မိုးတွင်းမှာ ဖြစ်နေကြအရာတွေ ဖြစ်တာကြောင့် မိုးကြိုးပစ်ချိန်တွေမှာ အိမ်ထဲမှာနေဖို့နဲ့ မီးအားအလွန်အကျွံ မြင့်တက်လာတာကို ကာကွယ်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားတာ အကောင်းဆုံးပါပဲ။ စိုစွတ်တဲ့နေရာနားမှာ လျှပ်စစ်ပစ္စည်း အသုံးပြုတာကို ရှောင်ရှားသင့်ပြီး လျှပ်စစ်ဝိုင်ယာကြိုး ပြတ်နေတာတွေ ဒါမှမဟုတ် ပျက်စီးနေတာမျိုးတွေ့ခဲ့ရင် တာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားသင့်ပါတယ်။
စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးခြင်း - မိုးတွင်းကာလ အုံ့မှိုင်းမှိုင်းရာသီဥတုက စိတ်ခံစားချက်နဲ့ စိတ်ကြည်လင်နေမှုကို ထိခိုက်စေတတ်ပါတယ်။ ဒီလိုအချိန်တွေဆိုရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ပျော်စရာကောင်းတဲ့ အရာတစ်ခုခုကို အတူတူလုပ်တာပဲဖြစ်ဖြစ် လုပ်သင့်ပြီး အမြဲ ဝမ်းနည်းနေတာမျိုး၊ စိတ်ဓာတ်ကျရတာမျိုးကို ခံစားနေရတယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေရဲ့အကူအညီကို ရယူသင့်ပါတယ်။ ပိုပြီး စိတ်ချမ်းသာမှု ရရှိနိုင်ဖို့ အက်တမ် (ATOM) စတိုးအက်ပ်ကိုသုံးပြီး ကိုယ်ပါဝင်လို့ရတဲ့ အစီအစဉ်တွေ၊ အရင်းအမြစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
မိုးရာသီကုန်ဖို့ လအနည်းငယ်လောက် ကြာဦးမှာဖြစ်တဲ့အတွက် အိမ်ထဲမှာ ပိုနေဖြစ်နေတဲ့အချိန်တွေမှာ ထူးခြားတဲ့အတွေ့အကြုံတွေနဲ့ နှစ်လိုဖွယ်အမှတ်တရတွေကို ဖန်တီးနိုင်ဖို့ အခွင့်အရေးကို ရရှိနိုင်မှာပါ။ အခုပြောပြသွားတဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးနည်းလမ်းတွေကို မှတ်ထားပြီး အိမ်တွင်းလှုပ်ရှားမှုတွေရဲ့ အနှစ်သာရကို ရှာဖွေရင်း ကိုယ်ချစ်ရတဲ့သူတွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ အတူတူကုန်ဆုံးဖို့ မမေ့ကြပါနဲ့နော်။
Back to top
Share