We'd like to send you notifications of the latest posts and updates

Press Release

ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရန် ATOM ၏ “ATOM SME ACCELERATION PROGRAM” မိတ်ဆက်

09 Sep,2023 - Yangon | 3 mins read

စက်တင်ဘာ ၈ ရက်၊ ၂၀၂၃၊ ရန်ကုန်၊ မြန်မာ ။              ။မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို ဦးစားပေးသော ATOM ၏ ပဏာမအစီအစဉ်တစ်ရပ်အဖြစ် “ATOM SME ACCELERATION PROGRAM” ကို ဂုဏ်ယူစွာဖြင့် စတင်ခဲ့ပါသည်။ “ATOM SME ACCELERATION PROGRAM” သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်  လုပ်ငန်းကျွမ်းကျင်မှုများ၊ အသိပညာများ တိုးတက်လာစေရန် ကျွမ်းကျင်ပညာရှင်များမှ ပညာရပ်ဆိုင်ရာ ဗဟုသုတများနှင့် အတွေ့အကြုံများကို ဆွေးနွေးမျှဝေ ပေးသွားမည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် အဆင့်မြင့်နည်းပညာများ၊ နောက်ဆုံးပေါ် သတင်းအချက်အလက်များနှင့် ထိရောက်သော လုပ်ငန်းခွင်သင်ယူနိုင်မှု အခွင့်အလမ်းများကို အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များထံ ပံ့ပိုးပေးပြီး အောင်မြင်တိုးတက်မှုများကို ပိုမိုအရှိန်မြှင့်နိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။

ATOM (အက်တမ်) မှ ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော နေ့သစ်များဆီတက်လှမ်းနိုင်မည့် #beyondbetter အကျိုးသက်ရောက်မှုကို ဖန်တီးပေးမည်ဟု ယုံကြည်ပြီး ဤရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံရှိ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ရန် ATOM (အက်တမ်) ၏ ကြိုးစားဆောင်ရွက်မှုများအား ဤသင်တန်းအစီအစဉ်တွင် တွေ့မြင်နိုင်ပါသည်။ ဈေးကွက်ချဲ့ထွင်ရေးနှင့် နည်းဗျူဟာကျွမ်းကျင်မှုများကို မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းများ တိုးတက်ပြောင်းလဲလာစေပြီး အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအတွက် ပိုမိုခိုင်မာပြီး အောင်မြင်သော စီးပွားရေးအခြေအနေများ ဖန်တီးပေးနိုင်ရန် မျှော်လင့်ထားပါသည်။ ဤအစီအစဉ်သည် ATOM (အက်တမ်) ၏ ကတိက၀တ်များထဲမှ တစ်ခုဖြစ်သော  အသေးစားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများနှင့် ဖန်တီးမှုအားကောင်းသော စီးပွါးရေးဂေဟစနစ်ကို ဦးစားပေးခြင်းဖြင့် မြန်မာ့စီးပွါးရေးကဏ္ဍကို ထောက်ပံ့ပေးနေမှု ကို မီးမောင်းထိုးပြနေပါသည်။

ထိုသို့သော ရည်ရွယ်ချက်များဖြင့် မြန်မာ့စီးပွားရေးနယ်ပယ်နှင့် လုပ်ငန်းရှင်တို့၏ ဆက်နွယ်မှုကို ပံ့ပိုးကူညီပေးရန် ATOM (အက်တမ်) သည် မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ “ATOM SME ACCELERATION PROGRAM” ကို စီစဉ်ဆောင်ရွက်ခဲ့ပြီး ဤပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းပိုင်ရှင်များ၏ လုပ်ငန်းတိုးတက်မှုအတွက် လိုအပ်သော နည်းပညာအချက်အလက်များနှင့် အသိပညာများ ဝေမျှခြင်း၊ လုပ်ငန်းနယ်ပယ်တွင် အောင်မြင်ရန်အတွက် မရှိမဖြစ် အရေးပါသော အရည်အသွေးများကို ဝေမျှခြင်း၊ လုပ်ငန်းအဆင့်တိုးမြှင့်လာစေရန် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းစသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးဖြစ်ထွန်းစေမည့် အရာများ ကို ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၏ သဘောသဘာဝကို အတွင်းကျကျသိရှိလာနိုင်ခြင်း၊ လုပ်ငန်းတိုးတက်ရန်နှင့် ချဲ့ထွင်ရန် အခွင့်အလမ်းများတွေ့လာနိုင်ခြင်း၊ အဆက်အသွယ်ကောင်းများ တိုးလာပြီး အပြန်အလှန် အကျိုးပြုသော စီးပွားရေးအသိုက်အဝန်းတစ်ခု တည်ဆောက်လာနိုင်ခြင်း၊ ရှေ့ဆက်လျှောက်လှမ်း ရမည့် လမ်းကြောင်းကို ပိုမိုမြင်သာလာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းသုံး နည်းပညာများကို သိလာနိုင်ခြင်း စသော အကျိုးကျေးဇူးများစွာရရှိနိုင်မည် ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ ATOM မြန်မာ ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် “ATOM SME ACCELERATION PROGRAM” တွင် SME လုပ်ငန်းရှင် (၁၀၀) ဦးပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းအစီအစဉ်တွင် မြန်မာ့စီးပွားရေးလောကတွင် အောင်မြင်ပြီး စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာမျှဝေခြင်းများကို တစိုက်မတ်မတ် ပြုလုပ်လျက် ရှိသော ပညာရှင်များဖြစ်ကြသည့် ဆရာ ကောင်းဟိန်းစိုး (Kaung Hein Soe – Strategic) နှင့် MESI University ၏ CEO/ Principal ဆရာ ဇင်ဖြိုးပိုင် တို့မှ ATOM SME ACCELERATION PROGRAM”Trainer များအဖြစ် ဦးဆောင်သင်ကြားပေးခဲ့ပြီး တက်ရောက်သူ SME လုပ်ငန်းရှင်များနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်း ခြင်း အစီအစဉ်များကိုပါ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြပါသည်။

ATOM SME ACCELERATION PROGRAM”  နှင့် ပတ်သက်ပြီး ATOM ၏ အမှုဆောင်အရာရှိချုပ်, Muhammad Ziaullah Siddiqui က အဖွင့်အမှာ စကားပြောကြားရာတွင် “မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ဖန်တီးရာမှာ SME လုပ်ငန်းများဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီ ATOM SME ACCELERATION PROGRAM ကနေ SME လုပ်ငန်းတွေအတွက် အဓိက လိုအပ်တဲ့ အရင်းအမြစ်တွေကို ပံ့ပိုးပေးမှာဖြစ်ပြီး၊ ဒီအစီအစဉ်မှတစ်ဆင့် မျက်မှောက်ကာလ စီးပွားရေးလောကမှာ အောင်မြင်တိုးတက်သော လုပ်ငန်းများအဖြစ် စွမ်းဆောင်လာနိုင်စေရန် အတွက်လည်း  ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်ဟာ SME လုပ်ငန်းတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုမှာ များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အပြင် အလားအလာရှိတဲ့ စွန့်ဦးတီထွင်သူတွေနဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက်လည်း လိုအပ်တဲ့ အသိပညာတွေကို  ထောက်ပံ့ကူညီပေးမယ့် ပေါင်းကူးတံတားဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

“ATOM SME ACCELERATION PROGRAM” တွင် ပါဝင်သော  ဆရာ  ဦးကောင်းဟိန်းစိုးမှ “လူကြီးမင်းတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို အဆင့်မြှင့်တင်ပေးလိုက်ပြီး တိုးတက်ပြောင်းလဲလာတဲ့ အောင်မြင်မှုဆီသို့ အရောက်လှမ်းနိုင်စေမယ့် ခရီးလမ်းကို ဒီနေ့မှာ ကျွန်တော်တို့  အတူတူ လျှောက်လှမ်းကြပါမယ်။ ဒီတစ်ရက်တာသင်တန်းမှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းအတွင်း တိုက်ရိုက်အသုံးချနိုင်ရန်အတွက် လက်တွေ့ကျတဲ့ နည်းလမ်း​တွေနဲ့အတူ လုပ်ငန်းနဲ့ပတ်သက်တဲ့ လမ်းညွှန်မှုတွေကိုလည်း ကျွန်တော့်အနေနဲ့ အကောင်းဆုံး ပံ့ပိုးပေးထားပါတယ်။ ဒီအစီအစဉ်မှာ အပြန်အလှန်အကျိုးပြုတဲ့ ဆွေးနွေးမှုတွေ၊ တစ်ဦးချင်းအသေးစိတ် လမ်းညွှန်ပေးမှုတွေနဲ့၊ အဖွဲ့လိုက် တက်တက်ကြွကြွ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို အစီအစဉ်တွေကနေ အတူတကွ ပူးပေါင်း သင်ယူနိုင်စွမ်းတွေကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု သင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ပြောကြားသွားခဲ့သည်။

ATOM (အက်တမ်) အကြောင်း

ATOM (အက်တမ်) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေနှင့် ထပ်မံသိရှိလိုသည်များအတွက် ဆက်သွယ်ရန် -

Aye Chann Lwin @ Audrey

+95 (0) 9 971 124 450

Email: audrey@360pintale.com

Wyne Thaw Oo

+95 (0) 9 766 600 263

Email: wynee@360pintale.com

Back to top